ဒီနေ့မှာတော့ အားလုံးအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစေမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

အလုပ်ခွင်ဆိုတာ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံထက်မနည်း ကုန်ဆုံးရတဲ့နေရာလေးဖြစ်တာမို့ ဒုတိယမိသားစုလို့တောင် ပြောကြပါတယ်။ ဒီလို ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းခွင်အချိန်လေးကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။

ကိုယ့်ရဲ့ အိပ်ချိန်၊ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ဒါမှသာ စိတ်သွားတိုင်းကိုယ်ပါပြီး လန်းဆန်းတက်ကြွကာ အာရုံစူးစိုက်မှုကောင်းမွန်ပြီး အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၂) ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ပါ။

ဝါသနာပါတဲ့ အလုပ်က ကိုယ့်ကို ခွန်အားတွေ၊ မျှော်လင့်ချက်တွေ ပေးစွမ်းပါတယ်။ မိမိဝါသနာပါတဲ့အတွက် အလုပ်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေရင်တောင် အလုပ်လုပ်နေတယ်လို့ မခံစားရဘဲ ပျော်ရွှင်တက်ကြွစွာနဲ့ လုပ်ကိုင်နိုင်မှာပါ။

(၃) မိမိလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးလုပ်ပါ။

အလုပ်ဆိုတာကတော့ အမြဲတမ်း ပြဿနာတစ်ခုမဟုတ်တစ်ခုကို ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းချိန်တိုင်းမှာ ကိုယ့်ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းကို အစွမ်းကုန်ထုတ်သုံးကာ အခက်အခဲတွေကို အောင်မြင်ဖြတ်ကျော်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ပျော်ရွှင်မှုကို ရယူတည်ဆောက်ပါ။

(၄) ကိုယ်သွားလိုတဲ့ ပန်းတိုင်ချမှတ်ပါ။

ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်အပေါ် အကောင်းမြင်စိတ်ထားရှိကာ ရေတိုနဲ့ရေရှည်ပန်းတိုင်အသီးသီးချမှတ်ထားပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် ကြိုးစားပါ။ ကိုယ်က တစ်နေ့တစ်ခြား တိုးတက်လာတယ်ဆိုတာကို သတိထားမိလာတဲ့အခါ ကျေနပ်မှုနဲ့အတူ ပျော်ရွှင်မှုကိုပါ ခံစားရမှာဖြစ်ပါတယ်။

(၅) အလုပ်ခွင်မှာ လူတိုင်းနဲ့အဆင်ပြေချောမွေ့တဲ့ ပေါင်းသင်းဆက်ဆံရေးထားရှိပါ။

ကိုယ်ရဲ့ လုပ်ငန်းခွင်ပျော်ရွှင်ခြင်းဟာလည်း အလုပ်ခွင်က လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ သက်ဆိုင်ပါတယ်။ လူတွေဆိုတာ Social Animal ဖြစ်တာမို့ တစ်ယောက်တည်းနေပြီး အလုပ်တွေကုန်းရုန်းလုပ်တာက သင့်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် အလုပ်မှာပျော်ရွှင်ဖို့ဆိုရင် Social Skill ကိုလည်း မမေ့ထားသင့်ပါဘူး။

(၆) အလုပ်ချိန်ပြင်ပမှာ ဦးနှောက်ကို အနားပေးပြီး မိသားစုနဲ့နွေးထွေးစွာနေပါ။

ကိုယ်ပိုင်နားချိန်တွေမှာ အလုပ်အကြောင်းစဉ်းစားတွေးတောတာတွေ ခဏရပ်ထားပြီး ကိုယ့်ရဲ့မိသားစုကို အချိန်ပေးတာနဲ့ အခြားဝါသနာပါတာတွေကို လုပ်ကာ ကိုယ့်ဦးနှောက်ကို အနားပေးသင့်ပါတယ်။ ဒါမှသာ အလုပ်လုပ်တဲ့အခါမှာ သူများနဲ့မတူတဲ့ အသစ်အဆန်းတီထွင်မှုတွေကို တွေးခေါ်နိုင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဆောင်ရွက်နိုင်မှာပါ။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ လူတိုင်းလွယ်ကူစွာလိုက်လုပ်နိုင်မယ့် အလုပ်မှာ ပျော်ရွှင်တက်ကြွစေမယ့်နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကို ဖော်ပြပေးသွားမှာမို့ 𝐌𝐨𝐧𝐧𝐞𝐜𝐭 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်သွားပေးပါဦးနော်။